D

Monday, September 24, 2007

24.9.2007


copy from http://www.mizzimaburmese.com/breaking_news.php

2:00 PM
ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ အဖမ်းခံရသည် ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း မဟုတ်မှန်ကြောင်းနှင့် ရွှေတိဂုံ ဘုရား ဆွမ်းလှူဒါန်းပွဲတွင် ရှိနေပါသည်ဟု နောက်ဆုံးသတင်း ရရှိသည်။

1:50 PM
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တော့မည်

၁၉၉ဝ ခုနှစ် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ယနေ့ ရန်ကုန် ဆန္ဒပြပွဲတွင် ပါဝင်မည်ဟု နိုင်ငံရေး သတင်းရပ်ကွက်အရ သိရသည်။

အမျိုးသား ဒီမိုကရေစီ ရုံးချုပ်ရှေ့တွင် ဆန္ဒပြ သံဃာများနှင့် လူအများအတွက် ရေ၊ ဆေးများ ဝေငှမှာ ဖြစ်သည်။

ဆူးလေဘုရား အနီး သံဃာတော် တပါးက ငြိမ်းချမ်းရေးဖခင် ဆရာကြီး သခင် ကိုယ်တော်မှိုင်း ပုံများ လမ်းသွား လမ်းလာများကို ဝေငှ နေသည်ကို မဇ္ဈိမ အထောက်တော်များ တွေ့မြင်ကြရသည်။

1:45 PM
သံဃာတော်အပါး ၄ဝဝ ခန့်ရှိသော ဆန္ဒပြ အဖွဲ့ငယ်တခု ရေတာရှည် လမ်းမှသည် ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်သို့ သွားရောက် ပူးပေါင်းနေသည်။

1:40 PM
ရန်ကုန်ဆန္ဒပြပွဲ အဆင်သင့်ဖြစ်

ရန်ကုန်တွင် ဆန္ဒပြ သံဃာများနှင့် လူအများအပြား အဖွဲ့များ ခွဲကာ စုဝေးလျှက် ရှိသည်။ နေ့လည် ၁ နာရီတွင်စတင်မည့် ဆန္ဒပြပွဲကြီး အတွက် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

မဇ္ဈိမအ ထောက်တော်များက ပေးပို့သော သတင်းအရ မြေနီကုန်းတွင် လူ ၅ဝဝဝ ခန့် စုရုံးနေသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင်လည်း လူ ၅ဝဝဝ ခန့် စုရုံးနေသည်ဟု သိရသည်။

1:00 PM
ရွှေတိဂုံဘုရား အရှေ့ဘက် မုဉ်ဦးတွင် ဆန္ဒပြ သံဃာတော်များကို ဆွမ်းဆက်ကပ် လှုဒါန်းနေခဲ့သည့် ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူကို ရဲများက ဖမ်းဆီးသွားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

12:35 PM
ရုပ်ရှင်မင်းသား ကိုကျော်သူနှင့်အတူ ကိုဇာဂနာ။ စာရေးဆရာ မင်းလူ။ ရုပ်ရှင်ဒါရိုက်တာ။ စာရေးဆရာ မောင်သဏ္ဏ တို့လည်း ပါဝင်ကာ ဆန္ဒပြ သံဃာတော်များအား ဆွမ်းဆက်ကပ် လှုဒါန်းလျှက်ရှိသည်။

11:55 AM
ရုပ်ရှင် သရုပ်ဆောင် ကျော်သူနှင့်အဖွဲ့က ရွှေတိဂုံဘုရား အရှေ့ဘက်မုဉ်တွင် ဆန္ဒပြသူသံဃာတော်များကို ထမင်းထုပ်များ ဝေငှလျှက်ရှိသည်။

ဗဟန်း အထက ၂ မှ ကျောင်းသားများကို နံနက် ၉း၃ဝ နာရီတွင် ကျောင်းလွှတ်ပေးလိုက်ကာ အိမ်သို့ ပြန်ခိုင်းလိုက်သည်။

11:25 AM
ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားလာပြီးနောက် ရန်ကုန်မြို့တွင် အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းအချို့ကို ယနေ့ ပိတ်လိုက်သည်။

11:00 AM
စစ်အာဏာရှင်က အကြမ်းဖက်တော့မှာလား

စစ်အစိုးရက ဆန္ဒပြသူ သံဃာတော်များကို ရက်စက်စွာ နှိမ်နင်းလိမ့်မည် ဆိုသော စိုးရိမ်ချက်များ ထွက်ပေါ်လာနေသည်။ မြန်မာပြည်တွင်း ဆန္ဒပြမှုများ အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လာနေချိန်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

မဇ္ဈိမက ရရှိထားသော သတင်းအရ စစ်အစိုးရ အနေဖြင့် လိုအပ်လျှင် မျက်ရည်ယို ဓာတ်ငွေ့သုံး၍ ဖြိုခွဲလိုသော်လည်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ဓာတ်ပျက်ပြယ်သွားမှာ ဖြစ်ရာ သုံး၍ မရနိုင်သည့် အခြေအနေကြောင့် အစားထိုး အနေဖြင့် ခြင်ဆေးဖြန်းရည် ပမာဏများများ လိုက်လံ ရှာဖွေလျှက် ရှိသည်။ ရန်ကုန် မြို့တော် စည်ပင်သာယာမှ ခြင်ဆေးရည်များ မှာယူခြင်းများ လုပ်လျှက် ရှိသည်။ ခြင်ဆေး အနံ့ကြောင့် လူစု ကွဲသွားလိမ့်မည်ဟု အာဏာပိုင်များ ယုံကြည်နေသည်။
နိုင်ငံတဝှမ်း ဆန္ဒပြ သတင်းများ

2:25 PM
ပခုက္ကူမှာ သံဃာတော် ၇ဝဝ ခန့် စတင် လှည့်လည်ပြီ

မြန်မာပြည်တွင် သံဃာတော် အရေအတွက် ဒုတိယ အများဆုံး သီတင်းသုံးရာ မကွေးတိုင်း ပခုက္ကူ မြို့တွင် ယခုအခါ သံဃာတော်များသည် ကျောင်းတိုက်ကြီးများ စုပေါင်းကာ မြို့အတွင်းသို့ စတင်၍ ဆန္ဒပြ လှည့်လည်ရန် တာစူနေပြီ ဖြစ်သည်။

သံဃာတော်တပါးက … “သံဃာတော်တွေကတော့ ထွက်သွားပြီ။ အနောက်တိုက်၊ အလယ်တိုက်၊ ဗောဓိမဏ္ဍိုင် ဆိုပြီးတော့ ထွက်သွားကြပြီ။ အခု ထွက်သွားတဲ့ သံဃာတော် လက်ရှိ အင်အားကတော့ ၇ဝဝ လောက် ရှိတယ်။ အခုကိုပဲ စထွက်ကုန်ကြတာ။ ထုံးစံအတိုင်း ပရိတ် ရွတ်ဖတ်ကြတယ်။ အခု အခြေအနေက တတိုက်နဲ့ တတိုက် လှည့်ဝင်ခေါ်နေတဲ့ အခြေအနေ ပေါ့လေ။ တိုက်ကြီး ၄ တိုက် ဆုံပြီးမှ လူတွေ ပါဝင်မှုကို သိလာရမှာ” ဟု ပြောသည်။

2:20 PM
မန္တလေးမြို့တွင် သံဃာတော် ၃ဝဝဝ ခန့်သည် ချီတက် ဆန္ဒပြလျှက် ရှိပြီး လူထု အများအပြား လိုက်ပါလျှက် ရှိသည်။

2:00 PM
ကလေးမြို့မှာ ရဟန်းနဲ့ ပြည်သူ ပူးတွဲဆန္ဒပြနေပြီ

“ကလေးမြို့မှာ သံဃာတော်တွေက မနက်ပိုင်းက မြို့ထဲမှာ လှည့်ပြီး မေတ္တာသုတ် ရွတ်တယ်။ ပြီးတော့ ဘုရားကြီးမှာ ပြန်လည် စုဝေးနေတာပေါ့။ သံဃာတော်တွေက ၆ဝဝ ကျော်လောက် ရှိနေတယ်။ ကလေး တက္ကသိုလ်က ကျောင်းသားတွေကလည်း စာမေးပွဲတွေလည်း မဖြေကြဘဲနဲ့ ဘုရားကြီးကနေ သံဃာတော်တွေနဲ့ စုပေါင်းတယ်။ အခုနေ့လည်ပိုင်း ၁ နာရီလောက်က စတာပေါ့။ တာဟန်းဘက်ကို သွားကြတာ။ ကျောင်းသားတွေရော၊ ပြည်သူတွေရော အများကြီးပဲ။ လိုက်သွားကြတာ။ ကြွေးကြော် သွားကြတယ်။ “စားဝတ်နေရေး အဆင်ပြေရေး … ဒို့အရေး၊ စစ်အာဏာရှင်စနစ် ပြတ်ကျရေး … ဒို့အရေး” ပေါ့နော်။ အဲဒါမျိုးတွေပါပဲ။ အော်သွားကြတယ်။ ထင်တာတော့ တာဟန်း ကျောင်းဘက်ကို သွားတာ ဖြစ်မယ်။ ပြန်တော့ တပတ် ပြန်ပတ်လာမယ်တဲ့” ဟု ဒေသခံ တဦးက ပြောသည်။

1:55 PM
မုံရွာ ဆန္ဒပြပွဲ စတင်ပြီ

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးမှ နှိုးဆော်ထားသည့် အထွေထွေသပိတ် ဆင်နွှဲရေး သတ်မှတ်ရက်တွင် စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ သံဃာတော် အပါး ၁၅ဝ ခန့်သည် ယနေ့နံနက် ၁၁ နာရီခန့်မှ စတင်ကာ ချီတက် ဆန္ဒပြပြီ ဖြစ်သည်။

“အခု စထွက်နေပြီ။ ဇောတိကနဲ့ ဖုန်းစိုး က တွဲထွက်တာလေ။ ပေပင်ကျောင်းနဲ့ ရန်ကင်းကျောင်းကလည်း သပ်သပ်စီ ထွက်ကုန်ပြီတဲ့။ ဒါကတော့ ကြားတာ။ အရေအတွက်တော့ မသိသေးပါဘူး။ ပြည်သူတွေတော့ မပါသေးဘူးရှင့်။ ဘုန်းကြီးတွေချည်း ပါပဲ။ အားလုံးက မြောက်ဘုရား ရွှေစည်းခုံ ဘက်ကို ကြွသွားကြပါတယ်” ဟု ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

1:45 PM
ဒိုက်ဦးမြို့ ဆန္ဒပြ

ပဲခူးတိုင်း ဒိုက်ဦးမြို့တွင် သံဃာတော်အပါး ၄ဝဝ ကျော် ပါဝင်သော ဆန္ဒပြမှု တခု ယနေ့ ထပ်မံ ပြုလုပ်ခဲ့သည်။

“မြို့အဝင်လမ်း ရောက်တဲ့အခါကျတော့ ဒီမြို့ထဲက လူတွေကနေပြီးတော့ ရေသန့်ဗူးတွေ၊ သံဃာတွေရော၊ ပြည်သူတွေရော အားလုံးကို လှူဒါန်းတယ်။ အဲဒီမြို့ အဝင်လမ်းကနေပြီးတော့ အောင်ချမ်းသာ လမ်းကနေ တောက်လျှောက် ဝင်တယ်။ အောင်ချမ်းသာ လမ်းကနေ မြို့ပတ်လမ်း မြို့ပတ်လမ်းက နေပြီးတော့ ရေကျော်လမ်းကနေပြီး ဈေးကိုဝင်တယ်။ ဈေးကနေပြီးတော့ အဲဒီ ကုန်သည်လမ်းက နေပြီးတော့ ဖောင်ဝင်းလမ်းကို ပြန်တက်ပြီးတော့ အဲဒီ ခေမာသီ ကျောင်း ရန်မျိုးအောင် ဘုရားမှာ ပြန်ပြီးတော့ ဆုတောင်း မေတ္တာ ပို့ပြီးတော့ ပြီးသွားတယ်။” ဟု လမ်းလျှောက် ဆန္ဒပြပွဲတွင် ပါဝင်သူ တဦးက မဇ္ဈိမသို့ ပြောပြသည်။

၂ နာရီကျော်ကြာ ဆန္ဒပြပွဲတွင် လိုက်ပါလာသူ ၁ဝဝဝ ခန့် ရှိခဲ့သည်ဟု သူမက ပြောသည်။

“ဈေးထဲဘက် ရောက်လို့ ရှိရင်လည်း ဈေးထဲဘက်က တချို့ ဈေးသည်တွေဆိုရင် ဈေးပန်းကြီးတွေ အကုန် ပစ်ထားခဲ့ပြီး လိုက်လာကြတယ်။ နောက်လမ်းဘေးမှာ ချရောင်းနေတဲ့ ဈေးသည်တွေကလည်း အကုန်လုံး ထားခဲ့ပြီး လိုက်ကြတာပဲ။ လူတွေကလည်း တက်တက်ကြွကြွ လိုက်ပါတယ်။ အားလုံး ဆူဆူညံညံတော့ အလုပ်ရဘူး ဆိုတာ ဆရာတော်တွေက ပြောထားတယ်လေ။ အေးအေးဆေးဆေးပဲ လိုက်ကြဖို့ ပြောတာ အားလုံးပဲ အေးအေးဆေးဆေးပဲ လိုက်ကြတယ်။” ဟု သူမက ပြောသည်။

11:25 AM
နတ်မောက်မြို့တွင် သံဃာတော်များ သပိတ်မှောက်

မကွေးတိုင်း နတ်မောက်မြို့တွင် ဘုန်းကြီးကျောင်း ၉ ကျောင်းမှ သံဃာတော် အပါး ၂၅ဝ ကျော်က ယနေ့ နံနက် ၆ နာရီခွဲမှ စ၍ မြို့တွင်း လှည့်လည် ဆန္ဒပြခဲ့ကြသည်။

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားရာ ဇာတိတွင် သာသနာ့အလံ ကိုင်ဆောင်ကာ သုံးပါးတတန်းစီ တန်းစီထားသော သံဃာတော်များသည် တမာပင်၊ ဈေးရပ်၊ မြို့မတို့ကို ဖြတ်သန်းခဲ့ရာ လူ တရာကျော်က လိုက်ပါခဲ့ကြသည်။

ဆန္ဒပြပွဲတွင် တမာပင် ကျောင်းဆရာတော်က “လူတိုင်းမှာ သမိုင်းအကြွေး မကျန်အောင် လုပ်ရမယ်။ အကြွေးတင်တာ မကောင်းဘူး။” ဟု ထဲ့သွင်း မိန့်ကြားသွားသည်။

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid