D

Monday, September 24, 2007

24.9.207


copy from http://www.irrawaddy.org

ဧရာဝတီ | စက်တင်ဘာ ၂၄၊ ၂၀၀၇

ရန်ကုန် - နေ့လယ် ၁၂ နာရီကျော်တွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှစတင်၍ သံဃာတော်အပါး ၁၀၀၀ ကျော်က ဦးဆောင်ကာ ပြည်သူများနှင့်အတူ ဆန္ဒပြချီတက်ကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

အန်အယ်လ်ဒီရုံးရှေ့သို့အရောက် သံဃာတော်များ ခေတ္တရပ်နားပြီးပရိတ်ရွတ်ကြောင်း၊ ၎င်းပတ်ဝန်းကျင်တွင် သွားလာနေ သည့် ကားများပေါ်မှ ပြည်သူများဆင်းလာကာ ဆန္ဒပြစစ်ကြောင်းတွင် ပူးပေါင်းကြောင်းလည်း သူက ပြောသည်။

ဆန္ဒပြစစ်ကြောင်းတွင် သံဃာတော်များအပါအ၀င် စုစုပေါင်းအင်အား တသောင်းကျော်ရှိကြောင်း သိရသည်။ ကဗျာဆရာ အောင်ဝေးဦးဆောင်သည့် စာပေသမားအများအပြားလည်း ပူးပေါင်းဆန္ဒပြကြောင်း သတင်းရရှိသည်။
ရုပ်ရှင်သရုပ်ဆောင် ကျော်သူအား ဆူးလေဘုရားအနီးတွင် အာဏာပိုင်က ဖမ်းဆီးလိုက်သည်ဟူသည့် သတင်းများလည်း ထွက်နေသည်။

နတ်တလင်း-ပဲခူးတိုင်း (အနောက်ခြမ်း) - နံနက် ၅ နာရီမှ ၆ နာရီအထိ သံဃာအပါး ၅၀ ကျော် မေတ္တာသုတ်ရွတ်ကာ နတ်တလင်းမြို့ကိုပတ်၍ ချီတက်ဆန္ဒပြသည်ဟု ဒေသခံတဦးက ပြောသည်။
“မနက်အစောကြီးဆိုတော့ အာဏာပိုင်တွေ ချက်ချင်းမသိလိုက်ဘူး။ သိတဲ့အခါကျမှ ဘုန်းကြီးတွေ ဆွမ်းငတ်ချင်ပြီ ထင်တယ်လို့ ကြိမ်းနေတယ်”ဟု ၎င်းကပြောသည်။

ရန်ကုန် - ယနေ့နံနက် ၉ နာရီခန့်တွင် ရန်ကုန်မြို့ တာမွေမြို့နယ် ယုဇန ပလာဇာရှေ့မှ စတင်၍ သံဃာတော် အပါး ၄၀၀ ခန့် ဆန္ဒပြ ချီတက်ကြောင်း သိရသည်။

အဆိုပါ သံဃာတော်များသည် မူရင်းသီတင်းသုံးရာမှ ကားများစီးလာ၍ ယုဇနပလာဇာ ရှေ့တွင်စုပြီး ရွှေတိဂုံ ဘုရားသို့ ထွက်ခွာသွားသည်ဟု ရန်ကုန်မြို့က သံဃာတော်တပါးက ပြောသည်။

ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် လူရွှင်တော် ဇာဂနာ၊ ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၊ ကဗျာဆရာ အောင်ဝေး အစရှိသည့် စာပေ၊ ရုရှင်၊ ဂီတ၊ မော်ဒယ်လ် အနုပညာရှင်များက သံဃာတော်များကိုနေ့ဆွမ်းကပ်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဆရာဝန်များနှင့် သူနာပြုများကလည်း ရွှေတိဂုံဘုရားသို့ သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး မည်ဖြစ်ပြီး အစိုးရဌာနဆိုင်ရာရုံးများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများလည်း ပိတ်ထားသည်ဟု ရန်ကုန်မြို့ကလာသော သတင်းများအရ သိရသည်။

အဆိုပါသံဃာတော်များသည် နေ့လယ် ၁ နာရီမှ စတင်၍ ချီတက်ဆန္ဒပြမည် ဖြစ်ကြောင်း၊ လူတန်းစား အလွှာအသီးသီး
ပါဝင်သော ချီတက်ဆန္ဒပြပွဲကို သံဃာတော်များက ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ရန်ကုန်မြို့တွင်း၌ စစ်ကားများကို တွေ့မြင်ရသည်ဟုလည်း ရန်ကုန်မြို့ခံများက ပြောဆိုသည်။

မန္တလေးမြို့ - မန္တလေးတိုင်း - ယနေ့နံနက် ၈နာရီ မှစပြီး ၀ိသုဓ္ဒါရုံ၊ မစိုးရိမ်ကျောင်းတိုက်သစ်နှင့် ကျောင်းတိုက်ဟောင်း၊ မြတောင်ကျောင်း၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တို့မှ သံဃာတော်အပါးတသောင်းကျော် ချီတက်ဆန္ဒပြကြောင်း ၀ိသုဒ္ဓါရုံ ကျောင်းတိုက်ရှိ ဦးပဉ္ဇင်းတပါးက ဧရာဝတီကိုပြောသည်။

“သံဃာတွေကအရမ်းကို စိတ်ဓာတ်တက်ကြွနေကြတယ်။ ၈ နာရီ မထိုးခင်ကတည်းက သပိတ်မှောက်ဖို့ စိတ်စောနေ ကြတယ်”ဟု အဆိုပါဦးပဉ္ဇင်းက ပြောသည်။

မန္တလေးမြို့ဘုန်းတော်ကြီးကျောင်းစုံရှိ သံဃာတော်များ ဆန္ဒပြပွဲတွင်ပါဝင်ကြောင်းသိရသည်။ ၀ိသုဓ္ဒါရုံကျောင်းမှ သံဃာ အပါး ၇၀၀ ကျော်၊ မြတောင်ကျောင်းမှ ၁၀၀၀ ကျော်၊ မစိုးရိမ်တိုက်သစ်နှင့် တိုက်ဟောင်းမှ ၁၀၀၀ ကျော်၊ ဘုရားကြီး ကျောင်းတိုက်မှ ၁၀၀၀ ကျော် စုစုပေါင်း တသောင်းကျော် ချီတက်ဆန္ဒပြနေခြင်း ဖြစ်သည်။
“မဟာမြတ်မုနိပုံတော်ကိုင်တယ်၊ သပိတ် ၂ လုံးမှောက်ပြီးပိုက်တယ်၊ တကျောင်းကို သာသနာ့အလံ တခု၊ သုံးပါးတတွဲ လျောက်တယ်။ မေတ္တာသုတ်ရွတ်မယ်၊ အရင်ရက်တွေက ပြည်သူတွေကိုလိုက်ခွင့် မပေးခဲ့ပေမယ့် ဒီနေ့တော့ ဒကာ၊ ဒကာမတွေကို ငြိမ်းငြိမ်းချမ်းချမ်း လိုက်ခွင့်ပေးတယ်။ တမြို့လုံးပတ်ကြလိမ့်မယ်”ဟု မျက်မြင်သက်သေတဦးက ပြောသည်။

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid