D

Tuesday, August 28, 2007

လှည်းတန်းတွင် ဆန္ဒပြ


မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
သြဂုတ် ၂၈ ရက်၊ ၂ဝဝ၇ ခုနှစ်

3:36 PM
အတည်မပြုနိုင်သေးသော သတင်းများအရ ရခိုင်ပြည်နယ် စစ်တွေတွင် မကြားသေးခင် နာရီပိုင်း အတွင်းက ဆန္ဒပြခဲ့သည်ဟု ဆိုသည်။

3:34 PM
ရန်ကုန်မြို့တွင် ပြုလုပ်သော ဆန္ဒပြသူများကို နှိမ်နင်းသည့် လူမိုက်များအနက် အချို့ကို လှိုင်သာယာ မြို့နယ်မှ စုဆောင်း ခေါ်ယူနေကြောင်း မျက်မြင်ကြုံခဲ့သူ တက္ကစီ ကားသမား တဦးက ပြောသည်။

3:25 PM
ကြံ့ဖွံ့တို့ မန္တလေးမှာ နှိမ်နင်းရေး အစည်းအဝေးလုပ်

လူထု ဆန္ဒပြပွဲများ ဖြစ်လာပါက နှိမ်နင်းရန် ရည်ရွယ်ချက်ဖြင့် မန္တလေးမြို့ အမှတ် ၇၃ လမ်းတွင် တည်ရှိသော ကြံ့ဖွံ့ရုံးတွင် ယခုလ ၂၂ ရက် နေ့ခင်းပိုင်းက အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့သည်။

မန္တလေးမြို့ရှိ ကြံ့ဖွံ့ တိုင်းစည်းရုံးရေး တာဝန်ခံ ဦးအောင်ကျော်သာက ကြံ့ဖွံ့ အသင်းသားများ၊ စွမ်းအားရှင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ ခေါင်းဆောင်များ ပါဝင်သည့် အရေးပေါ် စုံညီ အစည်းအဝေး တရပ်ကို ပြီးခဲ့သည့် ၂၂ ရက်နေ့ နေ့လည် ၁ နာရီက မန္တလေးမြို့ ၇၃ လမ်းပေါ်ရှိ ကြံ့ဖွံ့ရုံးတွင် ခေါ်ယူ ကျင်းပခဲ့ခြင်း ဖြစ်သည်။

2:42 PM
ရွှေတိဂုံ လုံခြုံရေးကြပ်

ရွှေတိဂုံ ဘုရားပေါ်တွင် ဆန္ဒပြမည် ဆိုသော သတင်းများကြောင့် အရှေ့ဘက်မုဉ်ဦး အလယ်ပစ္စယံ အတက်မှစ၍ လုံခြုံရေးများက ဘုရားဖူးများကို ယနေ့တွင် ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်လျှက် ရှိသည်။

ထို့အပြင် မုဉ်ပေါက်တိုင်းတွင် ကြိုးမဲ့စကားပြောစက်ကိုင် လုံခြုံရေး ဝတ်စုံဝတ် လူ ၅ ဦးထက်မနည်း ရှိသည်။

2:37 PM
လှည်းတန်းမှာ ဆန္ဒပြ

ရန်ကုန်မြို့ လှည်းတန်း လမ်းဆုံတွင် လူ ၇ဝ ခန့်က လွန်ခဲ့သည့် မိနစ်ပိုင်းက စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြရာ ကြံ့ဖွံ့နှင့် စွမ်းအားရှင် ၁ဝဝ ခန့်က ဒိုင်နာကား ၃ စီးဖြင့် ရောက်လာပြီး လူ ၅ ဦးကို ဖမ်းသွားခဲ့သည်။

ဆန္ဒပြ၍ မကြာမီ အချိန်ပိုင်းအတွင်း ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ကြည့်မြင်တိုင်ဘက်မှ ချီတက်လာသော ဆန္ဒပြသူများက လှည်းတန်းလမ်းဆုံ ရန်ကုန်-အင်းစိန်လမ်းမ ဘက်သို့ ကွေ့ဝင်ရာတွင် အဖမ်းခံရခြင်း ဖြစ်သည်။

12:49 PM
ဆန္ဒပြပွဲများသည် ပြည်သူ့ဆန္ဒ အမှန်ဟု တိုင်းရင်းသား လူငယ်များပြော

လက်ရှိ ဖြစ်ပေါ်နေသော ဆန္ဒပြပွဲများသည် “အထွေထွေ အကြပ်အတည်းမှ လွတ်မြောက်လိုမှုနှင့် ရက်စက် ယုတ်မာသော စစ်အာဏာရှင် စနစ် အောက်မှ ရုန်းထွက်လိုမှု တို့ကြောင့် ဖြစ်ပေါ်လာသော ပြည်သူ့ဆန္ဒ အမှန်” ဟု ပြည်တွင်း အခြေစိုက် တိုင်းရင်းသားလူငယ်များ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (မြန်မာပြည်)၏ ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

“ပြစ်မှု တစုံတရာ မရှိဘဲ ယခုအချိန်အထိ ဂုဏ်သိက္ခာမဲ့စွာ မတရား လုပ်ကြံဖမ်းဆီး ချုပ်နှောင်ခံနေရသူများ၊ လွတ်လပ်မှုနှင့် လုံခြုံမှု ကင်းမဲ့နေသော မြန်မာ ပြည်သူလူထု တစ်ရပ်လုံးအတွက် ထပ်တူထပ်မျှ ဝမ်းနည်း ကြေကွဲမိပါသည်။” ဟု ပါရှိသည်။

ထို့အပြင် မြန်မာ့နိုင်ငံရေး ပြဿနာဖြေရှင်းရန် သုံးပွင့်ဆိုင် ဆွေးနွေးရေးကိုသာ လိုလားသော ဒီမိုကရေစီ အင်အားစုများ၊ ငြိမ်းအဖွဲ့များ အနေဖြင့် နိုင်ငံရေး၊ စစ်ရေး သတိရှိရှိ ပြင်ဆင် လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

12:13 PM
ပဲခူးမှာ လုံခြုံရေးတင်းကြပ်

“လုံခြုံရေး အခြေအနေ ကတော့ အထပ်ထပ်ပဲ နေရာတကာကို လိုက်ချထားတယ် ။ ဘယ်အဖွဲ့လည်းတော့ မသိဘူး အရပ်ဝတ်နဲ့ပဲ ခန့်မှန်းခြေ လူဦးရေ ၃ဝဝ ခန့်လောက် ရှိမယ်။ ဘာဖြစ်မလဲတော့ မသိသေးဘူး။” ဟု ပဲခူးမြို့ခံ တဦးက ပြောသည်။

“ကျောင်းသားကိစ္စနဲ့ ဘုန်းကြီးကိစ္စလို့ ပြောနေကြတယ်နော်၊ အခုအချိန်ထိတော့ ဘာမှတော့ မဖြစ်သေးဘူး။ လုံခြုံရေးတွေ ချထားတာပဲ ရှိတယ်။ နေရာတကာမှာ လိုက်ချထားတယ် ။ ဘုရားပေါ်မှာလဲ အများကြီးပဲ ကျနော်တို့ နေတဲ့ ရပ်ကွက်မှာတောင် အများကြီး ချထားတယ်။” ဟု သူက ထပ်ပြောသည်။
Type the rest of your post here.

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid