ကမ္ဘာ့အံ့ဖွယ် တဖြစ်လဲ မဂိုဧကရာဇ်၏ လွမ်းသူ့ဗိမာန်ကမ္ဘာ့အံ့ဖွယ် ခုနစ်သွယ်ကို အသစ် ပြန်လည် သတ်မှတ်ရာတွင် အိန္ဒိယမှ ရှားရဟန်းဘုရင်၏ တာ့ဂ်ျမဟာ၊ တရုတ်ပြည်မှ မဟာတံတိုင်းကြီး၊ ဂျော်ဒန်နိုင်ငံမှ ပီထရာ မြို့ဟောင်း၊ ဂလက်ဒီယေတာခေါ် လက်နက်ကိုင် ယှဉ်ပြိုင်သတ်ဖြတ်သူတို့၏ သတ်ပွဲများကို ရှေးရောမဧကရာဇ်တို့ ပရိသတ်နှင့်တကွ ရှုစားခဲ့သည့် ရောမမြို့တော်ရှိ ကော်လော့စီယမ်ကွင်း၊ ဘရာဇီးနိုင်ငံ ရီရိုဒီဂျနေရို မြို့တော်မှ ၃၈ မီတာ မြင့်သော ကယ်တင်ရှင်ခရစ်တော် ရုပ်တု၊ ပီရူးနိုင်ငံရှိ အင်ကာ ဧကရာဇ် Pachacútec တည်ဆောက်ခဲ့သော တောင်တန်းအို ဟု အဓိပ္ပာယ်ရသည့် မာချူးပစ်ချူး တောင်ပေါ်မြို့ဟောင်း၊ မက္ကဆီကို နိုင်ငံရှိ ရှေးဟောင်း မာယာမြို့တော် Chichén Itzá တို့ ရွေးချယ်ခံ လိုက်ရသည်။
ဘရာဇီးရှိ ကယ်တင်ရှင်ခရစ်တော် ရုပ်တု
နောက်ဆုံးအဆင့် ဆန်ကာတင် ရွေးချယ်ခံရသော ကမ္ဘာ့အံ့ဖွယ်များထဲတွင် ကမ္ဘောဒီးယားမှ အန်ကောဝပ် ဘုရားကျောင်း၊ အီဂျစ်ရှိ ဂီဇာ ပိရမစ်ကြီး (ယခင် ခေတ်ဟောင်း ကမ္ဘာ့အံ့ဖွယ် ခုနစ်သွယ် စာရင်းဝင်ပြီး)၊ အမေရိကန် ပြည်ထောင်စုရှိ လစ်ဘာတီ ရုပ်တု၊ ရုရှား ဇာဘုရင် အိုင်ဗန် (၁) လက်ထက်က တည်ဆောက်ခဲ့သော ဇာဘုရင်များနှင့် ဆိုဗီယက် ကွန်မြူနစ် ခေါင်းဆောင်အဆက်ဆက် နေထိုင် ခဲ့ရာ မော်စကိုရှိ ကရင်မလင် နန်းတော်၊ ခရစ်တော်မပေါ်မီ နှစ် ၁၆၀၀ နှင့် ၃၀၀၀ အကြားက တည်ဆောက်ခဲ့သည်ဟု ခန့်မှန်းရသော တန် ၅၀ ခန့်ရှိ ကျောက်တုံးကြီးများဖြင့် ပြုလုပ်ခဲ့သည့် အင်္ဂလန်ရှိ လဟာပြင် ကျောက်ဗိမာန်တို့ ပါဝင်သည်။
အသစ် ပြန်လည်သတ်မှတ်ခဲ့သော ကမ္ဘာ့အံ့ဖွယ် ခုနစ်သွယ်ကို ကမ္ဘာတလွှားရှိ မဲပေးသူများက အင်တာနက်၊ တယ်လီဖုန်းနှင့် မိုဘိုင်းဖုန်း မက်ဆေ့ခ်ျစနစ်များဖြင့် မဲပေး ရွေးချယ်ခဲ့ကြသည်။ ကမ္ဘာ့အံ့ဖွယ်အဖြစ် အဆိုပြု မဲမပေးရန် တားမြစ်ထားသော နမူနာများမှာ နဂါးငွေ့တန်း မဟာစကြ၀ဠာ၊ မြောက်နှင့် တောင် ၀င်ရိုးစွန်းများ၊ မုတ်သုန်မိုး၊ ငှက်များ ပြောင်းရွှေ့ကျက်စားမှု စသည်တို့ ဖြစ်သည်။
ရွေးချယ်ခံရသော ကမ္ဘာ့အံ့ဖွယ်သစ်များကို ပေါ်တူဂီနိုင်ငံ လစ္စဘွန်း မြို့တွင် ဇူလိုင် ၇ ရက်က ကြေညာခဲ့သည်။
ဂျော်ဒန်နိုင်ငံမှ ပီထရာမြို့တော်ဟောင်း တစိတ်တဒေသ
ရှီဝမ်တီဘုရင်၏ မဟာတံတိုင်းကြီး
မဂိုဧကရာဇ် ရှားရဟန်းက မုမ တာ့ဂ်ျမဟာ မိဖုရားအတွက် ချစ်သက်သေ တည်ဆောက်ခဲ့သော တာ့ဂ်ျမဟာ ဂူဗိမာန်နှင့် တရုတ် ဧကရာဇ် ရှီဝမ်တီ၏ မဟာတံတိုင်းကြီးသည် ဂျော်ဒန်မှ ရှေးဟောင်းမြို့တော်နှင့်အတူ အာရှတိုက်မှ ရွေးချယ်ခံရသော ကမ္ဘာအံ့ဖွယ်များ ဖြစ်သည်။
၁၅ ရာစုက တည်ဆောက်ခဲ့သော အင်ကာဧကရာဇ်၏ တောင်ပေါ်မြို့ဟောင်းသည် ကျောက်ရောဂါကပ်ဆိုးကြောင့် အင်ကာတို့ မြို့တော်ကို စွန့်ခွာသွားကြပြီးနောက် ပျက်စီးတိမ်မြုပ်သွားခဲ့သည်။ အင်ကာ အင်ပါယာကို စပိန်နယ်ချဲ့တို့ အနိုင်ယူပြီးနောက်လည်း အမေဇုန် တောနက်ကြီး၏ တောင်ပေါ် တိမ်တိုက်များကြားမှ မြို့တော်ဟောင်းသည် နှစ် ၃၀၀ ခန့် ဆက်လက် ပျောက်ကွယ်နေခဲ့ပြီး ၁၉၁၁ ခုနှစ်တွင် ပြန်လည် တွေ့ရှိခဲ့သည်။
ရာစုနှစ် သုံးခုကြာ ပျောက်ကွယ်နေခဲ့သည့် အင်ကာဧကရာဇ်၏ တောင်ပေါ်မြို့ဟောင်း
မာယာလူမျိုးတို့၏ အကြီးကျယ်ဆုံး ဘုရားကျောင်းမြို့တော် ဖြစ်သည့် Chichén Itzá သည် ဧရာမ ပိရမစ်ကြီး၊ ခန်းနားသော ဘုရားကျောင်း၊ တိုင်တထောင်ကျော်နှင့် ဆောက်လုပ်ထားသည့် ခန်းမကြီး၊ အကျဉ်းသားများ၏ အားကစားကွင်းများ တည်ရှိသည်။ အေဒီ ကိုးရာစုက တည်ဆောက်ခဲ့သည့် ဤမြို့တော်သည် မာယာယဉ်ကျေးမှု တန်ခိုးထွားစဉ်က စီးပွားရေးနှင့် နိုင်ငံရေး ဗဟိုချက်မ ဖြစ်သည်။
new7wonders.com
တခါက ရောမဘုရင့်အလိုကျ ခြင်္သေ့နှင့်လူသား သတ်ပုတ်ခဲ့ရသည့် အားကစားကွင်းကြီး
မက္ကဆီကိုမှ ရှေးမာယာလူမျိုးတို့၏ ယဉ်ကျေးမှု နှလုံးသည်းပွတ် မြို့တော်ဟောင်း
Copy from http://www.hittaing.org/knowledge/
0 Comments:
Post a Comment