D

Tuesday, August 28, 2007

ကိုဌေးကြွယ် ထိုင်းနယ်စပ်ဘက် ထွက်ပြေးပြီ ပဲခူးမြို့တွင် ဆန္ဒပြပြီ


မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
သြဂုတ် ၂၇ ရက်၊ ၂ဝဝ၇ ခုနှစ်

11:25 PM
ကိုဌေးကြွယ် ထိုင်းနယ်စပ်ဘက် ထွက်ပြေးပြီ

စစ်အစိုးရက အသည်းအသန် လိုက်လံ ရှာဖွေလျှက် ရှိသော အရေးပါသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သည့် ကိုဌေးကြွယ်သည် ထိုင်း-မြန်မာ နယ်စပ်ဘက်သို့ ထွက်ပြေးသွားပြီ ဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက် တဦး၏ အပြောအရ သိရသည်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၃ ဦးကို အာဏာပိုင်များက လွန်ခဲ့သည့် သီတင်းပတ်က ဖမ်းဆီးသွားပြီးနောက် ရှောင်တိမ်း ပုန်းအောင်းနေသည့် ကိုဌေးကြွယ်မှာ ယနေ့ ညနေတွင် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားပြီ ဖြစ်သည်ဟု ဆိုသည်။

ကိုဌေးကြွယ်၏ ဓာတ်ပုံများကို ရန်ကုန်နှင့် နယ်အနှံ့ စစ်ဆေးရေး ဂိတ်များသို့ ပို့ပြီး ရှာဖွေနေသည့် ကြားမှ ကိုဌေးကြွယ် လွတ်မြောက်သွားခြင်းနှင့် ပတ်သက်၍ လူထု အကူအညီ ယူ၍ လွတ်မြောက်သွားခြင်း ဖြစ်သည်ဟု ယနေ့ နံနက်အထိ ကိုဌေးကြွယ်နှင့် အတူရှိခဲ့သူ အမည်မဖော်လိုသူ လုပ်ဖော်ကိုင်ဖက်က မဇ္ဈိမ သို့ ပြောပြသည်။ မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

လောင်စာဆီ ဈေးနှုန်းများ အနည်းဆုံး နှစ်ဆ တိုးမြှင့်လိုက်ရာမှ သောကြာနေ့ကအထိ အဓိကအားဖြင့် ရန်ကုန်မြို့တွင် ပြောက်ကျား ဆန္ဒပြပွဲများကို ကြိုးကိုင် အကောင်အထည် ဖော်ခဲ့သူ တဦးဟု အာဏာပိုင်များက စွပ်စွဲခံထားရသူ ကိုဌေးကြွယ်သည် အဖမ်းခံထားရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့်အတူ အနှစ် ၂ဝ အထိ ထောင်ဒဏ် ကျခံရဖွယ် ရှိသည်ဟု အစိုးရ အာဘော် မြန်မာ့အလင်း သတင်းစာက ရေးသားခဲ့သည်။

7:15 PM
မစိုးရိမ် ကျောင်းတိုက်မှ သံဃာတော်တပါးနှင့် ဆက်သွယ်မေးမြန်းချက်

ဦးပဉ္ဇင်းတို့ မန္တလေးပေါ်ကတော့ ဘာမှ မရှိဘူး၊ အေးဆေးဆေး၊ ငြိမ်ငြိမ်သက်သက်ပဲ။ ရန်ကုန်မှာ ဆန္ဒပြတယ်လို့ ကြားတယ်ပေါ့လေ။ ရန်ကုန်မှာ ဆီဈေးတွေတက်လို့ ဆန္ဒပြတယ်၊ ဒီလောက်ပဲ ကြားတယ်။

ဦးပဉ္ဇင်းရဲ့ အမြင်က ရန်ကုန်မှာကတော့ တနေ့လုပ်မှ တနေ့စားတွေ များတာကိုး။ လိုင်းကားစီးပြီး သွားတဲ့ ပုဂ္ဂိုလ်တွေက များတာကိုး။ ဦးပဉ္ဇင်းတို့ မန္တလေးကျတော့ လိုင်းကား မစီးတောင် စက်ဘီးတို့၊ ဆိုင်ကယ်တို့ ပေါတာကိုး။ အဲဒီတော့ သူတို့အထဲမှာ ဒီလိုမျိုး ဘာမှ မဖြစ်သေးဘူးပေါ့။ အဲသလို ကွာသွားတာလေ ရန်ကုန်နဲ့ မန္တလေးက။ ဆန္ဒပြမယ့် အနေထားကတော့ မရှိသလောက် ပါပဲဗျာ။

5:26 PM
မန္တလေးမြို့ တိတ်ဆိတ်၊ သံဃာတွေ အေးအေးဆေးဆေး နေဖို့ စစ်တပ်က ပြော

“အခု မြို့ထဲမှာတော့၊ ကျနော်ဖြတ်ခဲ့တဲ့ လမ်းထဲမှာတော့ ဘာမှ သိပ်မတွေ့ဘူး။ ထူးထူးခြားခြား ဘာမှမတွေ့ဘူး။ ဟိုဘက်တော့ ကျနော်တို့ ဘုရာကြီးဘက်တို့၊ မြတောင်ဘက်တို့တော့ ကျနော် မရောက်သေးဘူး။ အဲဒီဘက် ရောက်ရင်တော့ မပြောတတ်ဘူး။ ကျနော်တို့ မြို့ထဲမှာ တဆယ့်လေးလမ်းခွဲ ဘာညာတော့ နည်းနည်း အေးအေးဆေးဆေးပဲ။ ဘာမှ ဟိုလိုမျိုး ချထားတာ မတွေ့ဘူး”

“မင်္ဂလာတန်းဘက်ကပေါ့နော်။ မင်္ဂလာတန်းအထိ ကျနော်တို့ ဈေးချိုဘက် သွားနေတယ်။ ဈေးချိုဘက်သွားနေတော့ ၃၅ လမ်းဘက်က သွားတာတောင် ဘာမှမရှိဘူး။ ၂၆ လမ်းဘက်လည်း ရှိမယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၆ လမ်းဘက် ပြင်ဖို့ သဘောရှိပါတယ်။ ရှိရင်တော့ ဘုန်းကြီးကျောင်းဘက်တွေတော့ မပြောတတ်ဘူး”

“မနေ့က သံဃာတွေကို လိုက်ပြီးတော့ လျှောက်တယ်လို့ ပြောတယ်။ သံဃာတွေကိုပေါ့လေ။ ကျနော်တို့ အပါး ၁ဝဝ လောက်ရှိတဲ့ ကျောင်းတွေ ဘာတွေမှာ အေးအေးဆေးဆေး နေဖို့ပေါ့နော်။ တိုင်းမှူးက လိုက်လျှောက်တယ်လို့ ပြောတယ်။ မနေ့ကတော့ ဟို ပဏိတာရုံ ကျောင်းတိုက်ကို မန္တလေး၊ ကျနော်တို့ ဟိုဟာနားပေါ့ ဘယ်လိုပြောမလဲ ရန်မျိုးလုံ အရှေ့ဘက်ထဲမှာ (ပဏိတာရုံ) ကျောင်းတိုက်က ဆရာတော်တွေတော့ လာလျှောက်သွားတယ်လို့တော့ ကြားတယ်”

4:57 PM
လုံခြုံရေး စိုးရိမ်မှုကြောင့် သုံးခွမြို့နယ်ရှိ အထက်တန်း ကျောင်းများတွင် ကျောင်းသူ ကျောင်းသားများအား ပြီးခဲ့သည့် စနေနေ့က နေ့လည် ကျောင်းဆင်း အိမ်ပြန်ခွင့် မပြုဘဲ ကန့်သတ်လိုက်သည်။

4:30 PM
လောင်စာဆီဈေးများ အနည်းဆုံး နှစ်ဆတက်သွားခြင်းကို ကန့်ကွက်သော အားဖြင့် လူရာနှင့်ချီ၍ သုံးနာရီခန့်ကြာ ပဲခူးမြို့တွင် ယနေ့ ဆန္ဒပြခဲ့ကြသည်။

လူ ၅ဝ ခန့်က အဖြူရောင် အင်္ကျီများ ဝတ်ဆင်လျှက် ဆီဈေးများ ပြန်လျော့ချရန် အော်ဟစ်ကာ ဆန္ဒပြမှု ပဲခူးမြို့မဈေးမှ နံနက် ၉ နာရီတွင် စတင်ခဲ့ကြခြင်း ဖြစ်ကာ သနပ်ပင်သွား လမ်းမကြီးအရောက် ဘေးမှ ရပ်ကြည့်သူများပါ ပူးပေါင်း ခဲ့ကြသည်။

“လူထောင်နဲ့ချီပြီး ဖြစ်လာတယ်။” ဟု ပဲခူးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌက ပြောသည်။

သေနပ်ပင်၊ တာဝ နှင့် ဝေါ မြို့နယ်များမှ လူအချို့ ပူးပေါင်းခဲ့ကြသည်ဟု သူ့အပြောအရ သိရသည်။

ဒေသအာဏာပိုင်များက ဆန္ဒပြသူများထဲမှ ခေါင်းဆောင်များကို ခေါ်ယူကာ တနာရီခန့် ဆွေးနွေး ခဲ့သည်ဟု ဆိုသည်။

1:00 PM
၈၈ မျိုးဆက် ကျောင်းသားများကိစ္စ ဘယ်လိုလုပ်ရမလဲ နအဖ မဆုံးဖြတ်နိုင်သေး

ပဲခူးမြို့တွင် ဆန္ဒပြပြီ

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များကို ဖမ်းဆီးထားပြီးနောက် မည်ကဲ့သို့ ပြုလုပ်ရမည်ကို နအဖ အကြီးအကဲများ ယမန်နေ့က နေပြည်တော်တွင် ကျင်းပသော အထူး ကက်ဘိနက် အစည်းအဝေးတွင် မဆုံးဖြတ်နိုင်ဘဲ ရှိကြသည်ဟု သိရသည်။

ပဲခူးမြို့တွင် နံနက် ၉ နာရီမှစ၍ လူ ၅ဝ ခန့်က မြို့မဈေးကြီးမှ စတင်၍ ဘုရားဈေးဘက်အထိ ချီတက် ဆန္ဒပြကြရာ နောက်ထပ် လူများစွာ ပူးပေါင်း ပါဝင်သည်။

ရန်ကုန်မြို့ ပြည်လမ်းမတလျှောက် မီတာ ၃ဝဝ ခန့် အကွာတိုင်း စစ်သားများ ချထားပြီး မြို့တော်ခန်းမ ရှေ့တွင်တော့ စစ်ကား ၂ စီးနှင့် နအဖ အလိုတော်ရိ လူမိုက်များ တွေ့ရှိရကြောင်း မြို့ခံတဦးက မဇ္ဈိမ သို့ ပြောပြသည်။

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid