D

Tuesday, August 21, 2007

ကချင် အထူးဒေသမှ တောင်းဆိုသောအခက်လက်များ


နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေံဥပဒေတွင်ထည့်သွင်းပြဌန်းစေလိုသောအချက်အလက်များနှင့် ပတ်သက်၍ ကချင်အထူးဒေသ - (၂) ၊ ကေအိုင်အို ဗဟိုကော်မတီမှ အမျိုးသားညီလာခံကျင်းပရေးကော်မရှင် ဥက္ကဌနှင့် နိုင်ငံတော် အကြီးအကဲများထံသို့ ထပ်မံဖြည့်စွက်တင်ပြ တောင်းဆိုထားသော အချက်အလက်များ။

၁။ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံနှင့် စပ်လျဉ်းသည့်အခြေခံရမည့်မူများတွင်၊

(၁) နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်ဟုပါရှိသည်။ ၄င်းမူကိုလက်တွေကျင့်သုံး ဖေါ်ဆောင်သွားရာ၌ ပြည်ထောင်စု စနစ်ပီပြင်ရန်နှင့် ပြည်ထောင်စုစစ်စစ်မူ ပိုမိုပေါ်လွင်လာရန် လိုအပ်မည် ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ နိုင်ငံတော်ကို ပြည်ထောင်စု မြန်မာနိုင်ငံတော် ဟု ခေါ်တွင်ပြီး ပြည်ထောင်စုစနစ် ကျင့်သုံးသည်ဟုဆိုသော်ငြားလည်း လက်တွေ့၌ ဗဟိုချုပ်ကိုင်မှု တင်းကြပ်သော တစ်ပြည်ထောင်စနစ် (Unitary System ) ဖြစ်နေသည်ကို တွေ့မြင်ခဲ့ရပါသည်။ ထို့ကြောင့်၊ ယခုရေးဆွဲမည့် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ ယင်းကဲ့သို့ မလိုလားအပ်သောအမှားမျိုး ထပ်မံမဖြစ်ပွားရလေအောင် ဂရုပြုဆောင်ရွက်ရန် အထူးအရေးကြီးမည်ဖြစ်ပါသည်။


(၂) နိုင်ငံတော်ကို တိုင်းဒေသကြီး (၇)ခုနှင့် ပြည်နယ်(၇)ခုတိုဖြင့် ဖွဲ့စည်းတည်ဆောက်သည်။ ၄င်းတိုင်း ဒေသကြီး(၇)ခုနှင့် ပြည်နယ် (၇)ခုတို့သည် အဆင့်အတန်းတူညီကြသည်ဟုပါရှိသည်။ ဤအချက်ကို ပြန်လည်စဉ်းစားပေးဖို့ရန် အထူးပန်ကြားလိုပါသည်။ အဘယ်ကြောင့်ဆိုသော ပြည်နယ်များသည် တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားပြုထားသည်ဖြစ်သဖြင့် ပြည်နယ်များတွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးစုများ၏ မူလရပိုင်ခွင့်များကို ထည့်သွင်းပြဌာန်ထားရန်လိုအပ်မည်ဖြစ်ပါသည်။

၂။ နိုင်ငံတော်အချုပ်အခြားအာဏာပိုင်းခြားခွဲဝေခြင်းနှင့် စပ်လျဉ်းသည့် အခြေခံရမည့်မူများတွင်၊ နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ပိုင်းခြားသတ်မှတ်ထားပြီး ၄င်းအာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝေအပ်နှင်းသည် ဟုပါရှိသည်။ ဤတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြခံဥပဒေကို လက်တွေ့ရေးဆွဲပြဌာန်းသည့်အခါ ၄င်းအာဏာသုံးရပ်ကို တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်များသို့ ထိုက်သင့်စွာခွဲဝေအပ်နှင်းပေးထားစေလိုပါသည်။ ဥပဒေပြု အာဏာခွဲဝေရာ၌ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ယခုထက်ပိုမို ခွဲဝေအပ်နှင်းပေးထားသင့်သည်ဟုမြင်ပါသည်။ အထူးသဖြင့် ပြည်နယ်များတွင် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ပါတ်သက်သော ဥပဒေပြုအာဏာကို ပြည်နယ် လွှတ်တော်များသို့ လုံလောက်စွာခွဲဝေအပ်နှင်းပေးထားစေလိုပါသည်။

ဥပမာ
(၁) တိုင်းရင်းသားလူမျိုးစုများ၏ စာပေများကို ထိန်းသိမ်းမြှင့်တင်ရေး၊ ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများ၌ သက်ဆိုင်ရာတိုင်းရင်းသားများ၏ စာပေကို သင်ကြားခွင့်ရှိရေး၊ ၄င်းတိုင်းရင်သားစာပေကို သက်ဆိုင်ရာပြည်နယ်၏ ဒုတိယ ရုံးသုံးစာ အဖြစ်သတ်မှတ်ရေး၊
(၂) တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင်ရေး၊

(၃) တိုင်းရင်းသား လူမျိုးစုများ၏ ဓလေ့ထုံးထမ်းအရ တရားစီရင်းရေး (Customary Law) ကို ဥပဒေပြု ၍ တရားဝင် ပြဌာန်းရေး၊
(၄) တိုင်းရင်းသားလူမျိုးစုများ၏ အရေးအရာများကို ဥပဒေပြဌာန်း၍ ကာကွယ်စောင့်ရှောက် ပေးရေးတို့ဖြစ်ပါသည်။

၃။ အုပ်ချုပ်ရေးဆိုင်ရာ အခန်းကဏ္ဍ၌၊

(၁) နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာနှင့် ပါတ်သက်၍ ပြည်နယ်အစိုးရအပေါ် ချုပ်ကိုင်ကန့်သတ်မှုများလွန်းလျှင် ဗဟိုချုပ်ကိုင်မှုတင်းကြပ် လွန်းရာရောက်သဖြင့် တစ်ပြည်ထောင်စနစ်ပုံစံ ဖြစ်သွားနိုင်သည်ဟုမြင်ပါသည်။
(၂) ပြည်နယ်အစိုးရအကြီးအကဲ (ပြည်နယ်ဝန်ကြီးချုပ်) သည် ၄င်းပြည်နယ်ကို ကိုယ်စားပြုသော တိုင်းရင်းသား လူမျိုးစုထဲမှ ဖြစ်သင့်ပါသည်။ ဖဆပလပါလီမန် အစိုးရခေတ်၌၊ ပြည်နယ်ကောင်စီဥက္ကဌ (သို့) ပြည်နယ်ဝန်ကြီးသည် သက်ဆိုင်ရာပြည်နယ်ကို ကိုယ်စားပြုသော တိုင်းရင်းသား လူမျိုးစုအမတ်တစ်ဦးဦးကို ရွေးချယ်ခန့်ထားသည်ကို လည်းကောင်း၊ မ.ဆ.လ ဆိုရှယ်လစ်အစိုးရခေတ်၌လည်း ပြည်နယ်ကောင်စီဥက္ကဌကို သက်ဆိုင်ရာ ပြည်နယ်ကို ကိုယ်စားပြုသော တိုင်းရင်းသား လူမျိုးစုထဲမှ ရွေးချယ်ခန့်ထား သည်ကိုလည်းကောင်းတွေ့မြင်ရပါသည်။ ယင်းကဲ့သို့ တိုင်းရင်းသားလူမျိုးစုများ၏ မူလရပိုင်ခွင့် အခွင့်အရေးများကို နိုင်ငံတော်အစိုးရမှ အသိအမှတ်ပြု၍ ဥပဒေပြဌာန်း ပေးခြင်းသည် ပြည်ထောင်စုကြီး အဖြစ်ပေါ်ပေါက်လာသော သမိုင်းကြောင်းအရမှန်ကန်သင့်လျော်မှုရှိသည့်အတွက် ယခုရေးဆွဲမည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၌လည်း အလားတူဥပဒေမျိုးကို ပြဌာန်းပေးရန် လိုလားပါသည်။
(၃) ပြည်နယ်အစိုးရဖွဲ့စည်းရေးနှင့် ပါသက်၍
(က) ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးချယ်ရာတွင် သက်ဆိုင်ရာပြည်နယ် လွှတ်တော်၌လျှို့ဝှက်မဲစနစ်ဖြင့် လွှတ်တော် အမတ်များစု၏ သဘောတူညီချက်ကိုရယူပြီးရွေးချယ်ရန်၊ ထိုသို့ေ၇ွးချယ်ခံထားရသူအား နိုင်ငံတော် သမ္မတက ပြည်နယ် ၀န်ကြိးချုပ်အဖြစ် ခန့်အပ်ပေးရန်၊
(ခ) ပြည်နယ်အစိုးရအဖွဲ့ကို ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာပြည်နယ်လွှတ်တော်နှင့် ညှိနှိုင်းတိုင်ပင်ပြီး ပြည်နယ်ဝန်းကြီးဌာန သတ်မှတ်ခြင်း၊ ပြည်နယ်ဝန်ကြီးဦးရေ သတ်မှတ်ခြင်းနှင့် ပြည်နယ်ဝန်ကြီး ရွေးချယ်ခန့်ထားခြင်း လုပ်ငန်းများကို ဆောင်ရွက်ကာ ပြည်ထောင်စုအစိုးရ သမ္မတထံတင်ပြ၍ သမ္မတမှ အတည်ပြုခန့်အပ်ပေးရန်၊
(ဂ) ပြည်နယ်ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်များကို ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လွှတ်တော်၏ သဘောတူညီ ချက် ကိုရယူ၍ ခန့်အပ်ရန်၊
(ဃ) ပြည်နယ်တစ်ခုတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ဒေသဥက္ကဌများနှင့် ဦးစီးအဖွဲ့ဝင်များကို သက်ဆိုင် ရာပြည်နယ်ဝန်ကြီးချုပ်က ခန့်အပ်ပေးရန်၊
(င) ပြည်နယ်တစ်ခု၏ အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးဦးက နုတ်ထွက်ရန် လိုအပ်လာပါက ၄င်း၏ နုတ်ထွက်စာကို သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်ထံတင်သွင်းရန်၊ ပြည်နယ်ဝန်ကြီးချုပ်က နုတ်ထွက်စာကို လက်ခံယူပြီး ပြည်နယ်လွှတ်တော်၏ သဘော တူညီချက်ဖြင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်ရန်၊ ပြည်နယ်တစ်ခု၏ ၀န်ကြီးချုပ်တစ်ဦးက နုတ်ထွက်လိုလျှင် ၄င်း၏ နုတ်ထွက်စာကို သမ္မတထံတိုက်ရိုက် တင်သွင်းရန်၊
(စ) ပြည်နယ်တစ်ခုခုအတွင်း တည်ငြိမ်မှုစိုးရိမ်ဖွယ်ရာ အဆင့်သို့ရောက်လာလျှင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လွှတ်တော်နှင့် ညှိနှိုင်းပြီး သမ္မတထံတင်ပြရမည်။ ထိုသို့တင်ပြလာလျှင် သမ္မတက သက်ဆိုင်ရာ ပြည်နယ် ၀န်ကြီးချုပ်နှင့် ညှိနှိုင်းသဘောသူပြီးမှသာ ၄င်းပြည်နယ်၌ အရေးပေါ် အခြေအနေကြေညာရန်၊
(ဆ) ပြည်နယ်အစိုးရ လက်အောက်တွင် ၀န်ထမ်းခန့်ထားရေးအဖွဲ့ဖွဲ့စည်းထားရှိ၍ အစိုးရ၀န်ထမ်းများကို ဒေသခံများအား ဦးစားပေး၍ ရွေးချယ်ခန့်ထားနိုင်ရန်၊
(ဇ) ပြည်နယ်အစိုးရ လက်အောက်တွင် ပြည်နယ်ရဲတပ်ဖွဲ့ဖွဲ့စည်း၍ ပြည်နယ်ဝန်ကြီးချုပ်မှ တိုက်ရိုက်ကွပ်ကဲ ခွင့်ရှိရန်၊
(ဈ) အပစ်အခတ်ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများနှင့် ပြည်သူလူထု တရပ်လုံးမှ နောင်ထွက်ပေါ်လာမည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ထောက်ခံအတည်ပြုပြီးသွားလျှင် ၄င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များကို ပြည်ထောင်စုတပ်မတော်၏အောက်တွင် သက်ဆိုင်ရာ ပြည်နယ်၏ လုံခြုံရေးတပ်ဖွဲ့အဖြစ်ဖွဲ့စည်းပြီး ပြည်နယ် ၀န်ကြီးချုပ်မှ တိုက်ရိုက်ကွပ်ကဲရန်။

၎။ ပြည်ထောင်စုနယ်မြေသတ်မှတ်ခြင်းနှင့်၊ ပြည်နယ်တစ်ခုခု၏ နယ်နိမိတ်ကို ပြင်ဆင် ရေးဆွဲခြင်း သို့မဟုတ် ပြည်နယ်တစ်ခုခု၏ အမည်ကို ပြောင်းလဲလိုခြင်း နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်နယ်ကို ကိုယ်စားပြုသော တိုင်းရင်းသားလူမျိုးစုများ၏ အများစု သဘောတူညီချက်ကို ရရှိမှသာ ဆောင်ရွက်နိုင်ရန်။
၅။ ဘာသာ သာသနာနှင့် စပ်လျဉ်းသည့် အခြေခံမူ၌ ဘာသာ သာသနာများကို ခွဲခြားမှုမရှိဘဲ တူညီမျှတသော ဥပဒေပြဌာန်း၍ ဘာသာရေးလွတ်လမ်ခွင့်ပြုထားရန်လိုလားပါသည်။

၆။ အမျိုးသားလွှတ်တော်သည် တိုင်းရင်းသားလူမျိုးစုအရေးအရာများကို အဓိကထား ဆွေးနွေးဆုံးဖြတ်ရမည်ဖြစ်သသောကြောင့် ပြည်နယ်များမှ ကိုယ်စားလှယ်ရွေးချယ်စေလွှတ်ရာတွင် သက်ဆိုင်ရာပြည်နယ်ကို ကိုယ်စားပြုသော တိုင်းရင်းသား ကိုယ်စားလှယ်များ ကိုသာ ရွေးချယ်စေလွတ်သော ဥပဒေပြဌာန်းထားပေးရန်လိုလားပါသည်။

၇။ ပြည်ထောင်စုအစိုးရအဖွဲ့၌ နယ်စပ်ဒေသဆိုင်ရာဝန်ကြီးဌာနကို သီးခြားဖွဲ့စည်းထားရှိရန် လိုအပ်မည်ဟုမထင်ပါ။ နယ်စပ် လုံခြုံရေးကိစ္စရပ်များကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့က တိုက်ရိုက်ညှိနှိုင်းဆွေးပြီး သင့်တော်သလို စီမံဆောင်ရွက်သင့်ပါသည်။ နယ်စပ်ဒေသဆိုင်ရာ ၀န်ကြီးဌာနကို သီးသန့်ဖွဲ့စည်းထားခြင်းအားဖြင့် နယ်စပ်ရှိသော ပြည်နယ်များ၏ လုပ်ပိုင်ခွင့် အာဏာများကို ဗဟိုကကန့်သတ်ထိန်းချုပ်ပေးရာ ရောက်သွားနိုင်သဖြင့် နောင်တွင် မလိုလားအပ်သော ပြသနာများပေါ်ပေါက်နိုင်သည်ဟု မြင်ပါသည်။

၈။ နယ်စပ်ရှိသော ပြည်နယ်များ၏ လွှတ်တော်များ၌ နယ်စပ်ဒေသ ယာယီဝင်ထွက်သွားလာခွင့်နှင့် နယ်စပ်ကုန်သွယ်ရေး ကိစ္စရပ်များနှင့် ပါတ်သက်သော ဥပဒေများကို ပြဌာန်းခွင့်ရှိသင့်ပါသည်။ ထိုဥပဒေနှင့် အညီ အစိုးရအဖွဲ့က လက်တွေ့ ဆောင်ရွက် သွားမည်ဆိုလျှင် ပို၍မှန်ကန် တရားမျှတမှု ရှိမည်ဖြစ်ပါသည်။

၉။ စီးပွားရေးကဏ္ဍ၌ ပြည်နယ်များအတွင်းရှိ မြေပေါ်မြေအောက် သံယံဇာတများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရများက ပြည်ထောင်စုအစိုးရနှင့် မျှမျှတတ အကျိုးခံစားနိုင်ရန် အတွက်ပြည်နယ်လွှတ်တော်များ၌လည်း သင့်လျှော်သလို ဥပဒေပြဌာန်းခွင့်ရှိသင့်ပါသည်။ ဥပမာ ကျောက်မျက်ရတာနာနှင့် ပါတ်သက်၍ ဖြတ်တောက်ခြင်းနှင့် အချောသွေးခြင်းကိုသာ ပြည်နယ်လွှတ်တော်များ၌ ဥပဒေပြုခွင့်အပ်နှင်းထားမည့်အစား ရှာဖွေ၊ တူးဖေါ်ခွင့်နှင့် ရောင်းချခွင့်တို့ကိုပါ ဖြည့်စွက်ပေးထား မည်ဆိုလျှင် ပိုမိုပြည့်စုံမည်ဖြစ်ပါသည်။ ၄င်းအပြင် ဟိုတယ်နှင့်တည်းခိုးခန်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများနှင့် ပါတ်သက်၍ ပြည်နယ်လွှတ်တော်များ၌ ဥပဒေပြုခွင့်အပ်နှင်းထားရန်လိုလားပါသည်။

၁၀။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင်၊ မြေယာစီမံခန့်ခွဲမှု၊ မြေလွတ်၊ မြေရိုင်းများဖေါ်ထုတ်ခြင်း၊ ကြေးတိုင်နှင့် မြေစာရင်း၊ စက်မှုလယ်ယာ၊ စိုက်ပျိုးရေးသုတေသန၊ ရေအရင်းအမြစ် စီမံခန်းခွဲရေး၊ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးထုတ်လုပ်ရေး၊ စားကျက်မြေသတ်မှတ်ရေး စသည်တို့ကို ပြည်နယ်ဥပဒေပြုစာရင်း၌ ဖြည့်စွက်ထည့်သွင်းပေးစေလိုပါသည်။

၁၁။ အခွန်အကောက်ဆိုရင် အခန်းကဏ္ဍ၌ ကျွန်းနှင့် သတ်မှတ်ထားသော သစ်မာများမှအပ ကျန်သစ်များအပါ် ပြည်နယ်အစိုးရများက အခွန်ကောက်ခံနိုင်သည်ဟု ပြည်နယ်လွှတ်တော်များအား ဥပဒေပြုခွင့် အပ်နှင်းထားသည်ကို ကျွန်းမှအပကျန်သစ်များအားလုံးအပေါ် ပြည်နယ်အစိုးရများက အခွန်ကောင်ခံနိုင်သည်ဟု ပြင်ဆင်ပြဌာန်းစေလိုပါသည်။

၁၂။ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်များ၌ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွဲ့ဖြိုးတိုးတက်ရေး၊ စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက်(စ်)၊ အီးမေးလ်၊ အင်တာနက်၊ အင်ထရာနက်နှင့် အလားတူ ဆက်သွယ်ရေး လုပ်ငန်းများနှင့် ရုပ်မြင်သံကြား၊ ဂြိုလ်တုဆက်သွယ်ရေး၊ အသံလွှင် အသံဖမ်းလုပ်ငန်းများနှင့် ပါတ်သက်၍ ဥပဒေပြဌာန်းခွင့် ဖြည့်စွက် အပ်နှင်းပေးထားရန်လိုလားပါသည်။

၁၃။ လူမှုရေးကဏ္ဍနှင့် ပါတ်သက်၍ ပြည်နယ်လွှတ်တော်များ၌ ကိုယ်ပိုင်ကျောင်းနှင့် သင်တန်းများ ကုသိုလ်ဖြစ်ဆေးရုံနှင့် ဆေးခန်းများ၊ ပုဂ္ဂလိကဆေးရုံနှင့် ဆေးခန်းများ၊ ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်မစွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ အခြေအနေမဲ့များအားစောင့်ရှောက်ရေး၊ ကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်းရေး ကိစ္စရပ်များနှင့် မီးသတ်တပ်ဖွဲ့ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စရပ်များကို ဥပဒေပြဌာန်းခွင့် ဖြည့်စွက်ပေးထားစေလိုပါသည်။
၁၄။ စီမံခန့်ခွဲရေးကဏ္ဍတွင် အထွေထွေအုပ်ချုပ်ရေး၊ ရွာမြေ၊ မြို့မြေစီမံခန့်ခွဲရေး၊ အိမ်ငှါး၊ မြေငှါး၊ အသင်းအဖွဲ့များ၊ နယ်စပ်ဒေသ ဖွဲ့ဖြိုးရေးလုပ်ငန်းများနှင့် သန်းခေါင်စာရင်းဆိုင်ရာကိစ္စရပ်များကို ပြည်နယ်လွှတ်တော်များ၏ ဥပဒေပြုစာရင်း၌ ဖြည့်စွက် ပေးစေလိုပါသည်။

၁၅။ ကချင်ပြည်နယ်၏ နယ်နိမိတ်အား ကချင်ပြည်နယ်ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့စဉ်ကရေးဆွဲ သတ်မှတ်သည့် နယ်နမိတ် အတိုင်း ဆက်လက်၍ အတည်ပြု သွားရန်လိုအပ်ပါသည်။

၁၆။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတရပ်သည် ပြည်သူ့ဆန္ဒခံယူပြီး အများစုထောက်ခံမှုဖြင့် အတည်ပြုပြဌာန်းရသည်ဖြစ်သဖြင့် ၄င်းအားကာကွယ်ထိန်းသိမ်းရန် အဓိကတာဝန်သည်ပြည်သူလူထု တစ်ရပ်လုံး၏ တာဝန်ဖြစ်သည်ဟု ဥပဒေပြဌာန်းထားခြင်း သည် ပိုမို့သင့်လျော်မှန်ကန်မည်ဟု မြင်ပါသည်။

၁၇။ ပြည်ထောင်စုတစ်ခုလုံးအတွက် နိုင်ငံသား (Citizen) သတ်မှတ်သည့်နည်းတူ ပြည်နယ်များ၌လည်း ပြည်နယ်သား သတ်မှတ်သော ဥပဒေတစ်ရပ် ပြဌာန်းထားရှိရန် လိုမည်ဖြစ်ပါသည်။ အကြောင်းမှာ နောင်တွင်းတိုင်းပြည်၌ ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲများနှင့် ဆန္ဒခံယူပွဲများကို ကျင်းပသွားသည့်အခါ ပြည်ထောင်စုနှင့်အလားတူ ပြုလုပ်သွားရာ၌ အရှုပ်အရှင်း အခက်အခဲ ပြသနာပေါ်ပေါက် လာနိုင်သောကြောင့် ဖြစ်ပါသည်။

၁၈။ ပြည်နယ်အုပ်ချုပ်ပုံအခြေခံဥပဒေကို နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေနှင့် မဆန့်ကျင်ဘဲ သင့်လျော်သလို ရေးဆွဲထားရှိခွင့် ပြုရန်လိုလားသည်။ အဘယ့်ကြောင့်ဆိုသော် ဒေသတစ်ခုနှင့်တစ်ခု အခြေအနေခြင်းကွာခြားမှုရှိနိုင်သဖြင့် ဒေသအခြေအနေနှင့် ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြည်နယ်တိုင်း၌ ရေးဆွဲထားရှိနိုင်လျှင် ပြည်ထောင်စုကြီး ပိုမိုကျစ်လစ်ခိုင်မာပြီး တနေ့တခြားပိုမို တိုးတက်ဖွဲ့ဖြိုးလာမည်ဟုမြင်သည်။

၁၉။ ပြည်ထောင်စုကြီး၏ ကာကွယ်ရေးတာဝန်ကို ယူထားသော တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သော တစ်ခုတည်းသောတပ်ကို ပြည်ထောင်စုတပ်မတော်ဟု ခေါ်တွင်ပါက ပိုမိုမှတ်ကန်သင့်လျော်မည်ဟုမြင်ပါသည်။


ဗဟိုကော်မတီ
ကချင်အထူးဒေသ-၂၊ ကေအိုင်အို

Type the rest of your post here.

Digg this

4 Comments:

thahlaoo said...

တန်းတူမှ လမ်းလည်းတူမည် စခန်းလည်းတူမည်။

thahlaoo said...
This comment has been removed by the author.
thahlaoo said...
This comment has been removed by the author.
thahlaoo said...

သန်းရွှေနှင့် အပေါင်းပါတို့ခင်ဗျား

ငါ့ဘို့ဘဲကြည့်နေလို့ကတော့ နွားလို ပက်ခုံးနှစ်ဖက်ကြား ဘို့တက်လာတာဘဲ အဖတ်တင်မယ် မောင်ရွှေအိုးကြီးတို့ရယ်။ တော်ကြာ ရွှေအိုးက (ကြေးအိုး) ဖြစ်သွားရင်တော့ အိုးစားကွဲနေအုံးမယ်။

 

© New Blogger Templates | storyofmermaid