D

Wednesday, October 31, 2007

ပခုက္ကူ သံဃာတော်များ လမ်းပေါ်ပြန်ထွက်



ပခုက္ကူ သံဃာတော်များ လမ်းပေါ်ပြန်ထွက်
ဧရာဝတီ | အောက်တိုဘာ ၃၁၊ ၂၀၀၇
copy from http://www.irrawaddy.org/bur/news2007/October/oct_31_07.html

မကွေးတိုင်း ပခုက္ကူမြို့ရှိ သံဃာတော် အပါး ၁၀၀ ကျော်က ယနေ့ နံနက် ၈ နာရီ ကျော်မှ စတင်၍ မေတ္တာသုတ် ရွတ်ဆို လမ်းလျှောက် ဆန္ဒပြကြောင်း သိရသည်။

အဆိုပါ သံဃာတော်များသည် မဟာဝိဇယာရာမ (အရှေ့တိုက်) ဘက်မှ ဗိုလ်ချုပ်လမ်းအတိုင်း မြို့ကိုပတ်၍ ၁ နာရီခန့်ကြာ သည်အထိ မေတ္တာသုတ်ရွတ် ဆို၍ ငြိမ်းချမ်းစွာ လမ်းလျှောက်ခဲ့သည်ဟု ပခုက္ကူမြို့မှ သံဃာတော်တပါးက
ဧရာဝတီသို့ ပြောသည်။

“ပေါက်လမ်းကနေ အနောက်ဘက်မှာရှိတဲ့ သီဟို၌ ရှင်ဘုရားကို သွားပြီးဝတ်ပြု ဆုတောင်းပြီးတော့ ကိုယ့်ကျောင်း ကိုယ်ပြန် သွားကြတယ်၊ အဓိကက ကံဆောင် တာပဲ”ဟု အထက်ပါ သံဃာတော်က ပြောသည်။

မြို့လူထုက မေတ္တာသုတ်ရွတ်ဆို ကြွချီလာသော ယင်းသံဃာတော်များကို လမ်းဘေးဝဲယာမှ နေ၍ ထိုင်ကန်တော့ခြင်း၊ ကြည်ညိုအားပေးခြင်းများ ပြုလုပ် ကြသည်ဟု ပခုက္ကူမြို့မှ မျက်မြင်တဦးကလည်း ပြောပြသည်။

သံဃာတော်များ ကြွချီရာလမ်းတလျှောက်တွင် ယူနီဖောင်းဝတ် စစ်သားများ၊ ရဲများကို မမြင်တွေ့ရဘဲ၊ အရပ်ဝတ်ရဲဟု ထင်ရသူများနှင့် ကြံ့ဖွံ့တချို့ကိုသာ တွေ့မြင်ရပြီး အေးချမ်းစွာပြီးဆုံးခဲ့သည်ဟု ဆိုသည်။

လတ်တလောတွင် အဖမ်းအဆီးများမရှိသော်လည်း ပါဝင်ဆန္ဒပြသည့် ကျောင်းတိုက်များကို အာဏာပိုင်များက လိုက်လံ စုံစမ်းနေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့ နေ့လယ်က ပခုက္ကူမြို့ရှိ သံဃာအပါး ၅၀၀ ခန့် မေတ္တာပို့ ရွတ်ဆိုရင်း လမ်းလျှောက် ဆန္ဒပြကြရာ စစ်တပ်က သေနတ် ၁၀ ချက်ခန့်ပစ်ဖောက်ပြီး အာဏာပိုင်များနှင့် ကြံ့ဖွံ့၊ စွမ်းအားရှင်များက ယင်း ဆန္ဒပြ သံဃာများအား ရိုက်နှက်ဖမ်းဆီးခဲ့သည်။ ထိုသို့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုကြောင့် သံဃာ ၁၀ ပါးခန့် ဖမ်းဆီးခံရပြီး သံဃာတချို့ ပြင်းထန်စွာ ဒဏ်ရာရကာ သံဃာတော် တပါး ရိုက်နှက်ခံရသည့် ဒဏ်ရာဖြင့် ဆေးရုံ တင်ခဲ့ရသည်။

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid